၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက် ကျေးရွာ(၅၁) ရွာသို့ ရန်ပုံငွေ ကျပ်သန်း ၉၉၀ လွှဲပြောင်းပေးအပ်

ဘားအံ ဩဂုတ် ၂၃

ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက် ပြည်နယ်အတွင်းရှိ ကျေးရွာ (၅၁)ရွာသို့ ရန်ပုံငွေ ကျပ်သန်း(၉၉၀)ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ လွှဲပြောင်းပေးအပ်ခဲ့သည်။

ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများ ဆောင်ရွက်နိုင်ရန် ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ပြီး လွှဲပြောင်းပေးအပ်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးဝင်းနိုင်က  စီမံကိန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက မြစိမ်းရောင်ကျေးရွာစီမံကိန်းအတွက် ဘားအံမြို့နယ်မှ ကျေးရွာ (၄)ရွာနှင့် လှိုင်းဘွဲမြို့နယ်မှ ကျေးရွာ(၂)ရွာ စုစုပေါင်းကျေးရွာ (၆) ရွာတို့တွင် တစ်ရွာလျှင် ကျပ်သိန်း(၃၀၀)စီကိုလည်းကောင်း၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းအတွက် ဘားအံမြို့နယ်မှ ကျေးရွာ(၂)ရွာနှင့် လှိုင်းဘွဲမြို့နယ်မှ ကျေးရွာ(၁)ရွာ စုစုပေါင်း ကျေးရွာ(၃)တို့တွင် တစ်ရွာလျှင် ကျပ်သိန်း(၃၀၀)စီကိုလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်းအား ဘားအံမြို့နယ်မှ ကျေးရွာ(၂၀)ရွာ၊ လှိုင်းဘွဲမြို့နယ်မှ ကျေးရွာ(၁၉)ရွာနှင့် သံတောင်ကြီးမြို့နယ်မှ ကျေးရွာ(၁)ရွာ စုစုပေါင်းကျေးရွာ (၄၀)ရွာတို့တွင် တစ်ရွာလျှင် ကျပ်သိန်း(၁၅၀)စီကိုလည်းကောင်း၊ ခေတ်မီစံပြကျေး ရွာထူထောင်ခြင်းလုပ်ငန်း (SMART VILLAGE) စီမံကိန်းအား ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်တို့တွင် ကျပ်သိန်း(၆၀၀) စီကိုလည်းကောင်း စုစုပေါင်းငွေကျပ်သိန်းပေါင်း ၉၉၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် စီမံကိန်းကျေးရွာများမှ ကျေးရွာသူ၊ကျေးရွာသားများကိုယ်စား စီမံကိန်းကော်မတီဝင် တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသော စီမံကိန်းကျေးရွာများမှ ကျေးရွာသူ၊ကျေးရွာသားများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)