ထားဝယ် သြဂုတ် ၂၃
တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့် ထားဝယ်တက္ကသိုလ်တို့ ပူးပေါင်း၍ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ကျင်းပသည်။
ဟောပြောပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က နိုင်ငံတစ်နိုင်ငံတွင် တရားဥပဒေစိုးမိုးမှုရှိမှသာ ထိုနိုင်ငံသည် အေးချမ်းသာယာနိုင်ပြီး နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ဥပဒေသည်မရှိမဖြစ် လိုအပ်သော အရာတစ်ခုအဖြစ် အရေးအပါဆုံး အခန်းကဏ္ဍမှ ရပ်တည်နေလျက်ရှိပြီး ဥပဒေဟူသည်လူအများ လိုက်နာရန်အတွက် သတ်မှတ်ထားသော စည်းကမ်းနည်းလမ်းများပင်ဖြစ်ကြောင်း၊ ဥပဒေကို နားလည်သိရှိပါက ဥပဒေချိုးဖောက်မှု လျော့ပါး ပပျောက်သွားပြီး တရားဥပဒေစိုးမိုးမှု ရရှိမည်ဖြစ်ကြောင်း၊ ဥပဒေအသိပညာများကို ကျောင်းသား၊ ကျောင်းသူလူငယ်များ သိရှိနားလည်နိုင်ကြစေရန် အလွန်အရေးကြီးပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်ဦးအုန်းသန်းက ရာဇသတ်ကြီး၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေစသည့်တို့ကို ဟောပြောဆွေးနွေးပို့ချပေးသည်။
ဟောပြောပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ကျောင်း သား/သူများတက်ရောက်ခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)