တန့်ယန်း ဩဂုတ် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးဌာနပိုင် မြို့မစျေးအနောက်ဘက်ခြမ်းရှိ အဆင့်မြင့် RC နှစ်ထပ် စျေးရုံသစ်ကြီး တည်ဆောက်ပြီးစီးမှုအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက် ၉ နာရီအချိန်က ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ အဆင့်မြင့် RC နှစ်ထပ် စျေးရုံသစ်ဆောက်လုပ်ပြီးစီးမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် တာဝန်ရှိ ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှုစစ်ဆေးကြရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တအုပ်ချုပ်ရေးမှူး ဦးသက်ထွန်းအောင်၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ မိုင်းဟင်္သာထွန်းနှင့် စျေးရုံသစ်တည်ဆောက်သည့် 178 Construction Co.,Ltd မှ တာဝန်ရှိသူက စျေးရုံတည်ဆောက်ပြီးစီးမှုနှင့် ဆိုင်ခန်းများဖွဲ့စည်းမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။
အဆိုပါစျေးရုံသစ်မှာ အလျား ၂၀၀ ပေ၊ အနံ ၈၆ ပေရှိ အဆင့်မြင့် RC နှစ်ထပ်စျေးရုံသစ်ကြီးဖြစ်ပြီး ဆိုင်ခန်းပေါင်း ၁၈၆ ခန်းပါရှိကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
မင်းလွင်ဦး(တန့်ယန်း)