နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း မျိုးစပါး၊ သီးနှံမျိုးစေ့နှင့် မြေဩဇာအမျိုးမျိုး တိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဩဂုတ် ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မျိုးစပါး၊ သီးနှံမျိုးစေ့နှင့် မြေဩဇာအမျိုးမျိုး တိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မျိုးစေ့ထုတ်လုပ်ငန်းရှင်များနှင့် သဘာဝဓာတ်မြေဩဇာထုတ်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်ဖြစ်ထွန်းနိုင်သည့်ဒေသဖြစ်ရာ လူစွမ်းအားအရင်းအမြစ်၊ နည်းပညာများဖြင့် ပေါင်းစပ်ဆောင်ရွက်သွားလျင် ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးတိုးတက်လာမည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊ ထုတ်ကုန်များ အဆင့်မြင့်ပြီး ဈေးကွက်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ပါက ပြည်တွင်းသာမက ပြည်ပနိုင်ငံများထိ ဒေသထုတ်ကုန်များကို တင်ပို့နိုင်မှာဖြစ်ပါကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုကဏ္ဍများ တိုးတက်လာစေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာအောင် ဆောင်ရွက်ပြီး စိုက်ပျိုးရေးထုတ်ကုန်အမယ်သစ်များနှင့် Value Added ထုတ်ကုန်များ ထပ်မံထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်သွားရန်လိုပါကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် နည်းပညာများ ပံ့ပိုးကူညီပေးခြင်း၊ ငွေကြေးထောက်ပံ့မှုများရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြန်ဆန်အောင်မြင်ရေးအတွက် One Stop Service ဖြင့် ဆောင်ရွက်ရေးတို့ကို ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြခဲ့ကြပြီး မျိုးစေ့ထုတ်ကုမ္ပဏီတာဝန်ရှိသူများမှ မျိုးစေ့အမျိုးမျိုးနှင့် မြေဩဇာများအား တိုင်းဒေသကြီး/ပြည်နယ်များသို့ ဖြန့်ဖြူးရောင်းချမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြရာ နေပြည်တော်ကောင်စီဝင်မှ တင်ပြချက်များအပေါ် လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)