နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော် ဩဂုတ် ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဟန်သူ၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်‌အောင်နိုင်‌ရေးကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ အားကစားနည်းတာဝန်ခံများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် အောင်နိုင်ရေးကော်မတီများအနေဖြင့် အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးအတွက် အဓိကကျသော လေ့ကျင့်ရေး၊ ယှဉ်ပြိုင်ရေး၊ အောင်နိုင်ရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်‌ကြောင်း၊ အားကစားနည်း ၂၃ မျိုးတွင် အားကစားနည်းအလိုက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များအနေဖြင့်  ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးကိစ္စရပ်များအား အနီးကပ်ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အားကစားသမားများအတွက် လိုအပ်သော အားကစားလေ့ကျင့်ရေးသုံး အထောက်အကူပစ္စည်းများကို အချိန်မှီဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အားကစားအသင်းများအတွက် လိုအပ်လျက်ရှိသော ဘဏ္ဍာငွေသုံးစွဲရာတွင် အလေအလွင့်မရှိစေရေးအတွက် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်‌အောင်နိုင်‌ရေးကော်မတီဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးအတွက် ဘဏ္ဍာရေးကစ္စရပ်များကို ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးဦးခင်ဇော်က ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရေးနှင့်ပတ်သတ်သည့် လုပ်ငန်းများကိုလည်းကောင်း၊ အားကစားနည်းအလိုက် တာဝန်ခံများက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးအတွက် လက်ရှိဆောင်ရွက်မှုအခြေအနေများကို အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးခင်မောင်ဆန်းက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးသည်။

ယင်းနောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

ထွန်းထွန်းဝင်း (ပြန်/ဆက်)