ဇေယျာသီရိ ဩဂုတ် ၂၃
ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကား ဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ရေဆင်းအခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဇေယျာသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မာနှင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ စာပေလေ့လာဖတ်ရှုကြစေရန်၊ စာပေမှတစ်ဆင့် အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ရရှိသည့်ဗဟုသုတများကို ပြန်လည်မျှဝေပေးနိုင်ရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ နှုတ်စွမ်းရည် များတိုးတက်ပြီး ပရိသတ်ရှေ့တွင်ပြောရဲ၊ ဆိုရဲ၊ ဆွေးနွေးရဲသည့်သတ္တိများ ရှိလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်များ ပေါ်ထွန်းလာစေရန်စသည့်ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးအောင်နေမျိုးထက်က အမှာစကားပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်နှင့် ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ရည်မှန်းချက်စသည့် ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းတွင် ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့သည်။ ဆက်လက်၍ ရေဆင်းအခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဖုန်းဆင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)