အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အဆောက်အဦသစ်တွင် ဝါဆိုသင်္ကန်းကပ်နှင့် ရာသက်ပန်ဆွမ်းပဒေသာပင် အလှူငွေ လှူဒါန်း

မန္တလေး ဩဂုတ် ၂၂

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အဆောက်အဦသစ်တွင် ဘုရားအနကဇာတင်၊ ဝါဆိုသင်္ကန်းဆက်ကပ်ခြင်းနှင့် ရာသက်ပန်ဆွမ်းပဒေသာပင် အလှူငွေလှူဒါန်းပွဲကို ယနေ့နံနက်၉နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်ရုံးသစ်ရှိ ဗုဒ္ဓရုပ်ပွားတော်အား သံဃာတော်အရှင်သူမြတ်များက အနေကဇာတင် ပူဇော်ကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တကေသဝ(ဓမ္မာစရိယ၊ B.A ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ) ထံမှ တရားတော်များ နာယူကြည်ညိုကြသည်။

ထို့နောက် အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာအောင်ဆွေ+ဒေါ်ခင်အုန်းမြနှင့် ဝန်ထမ်းမိသားစုများက ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းကြကာ ရေစက်ချအနုမောဒနာတရားနာယူကြသည်။

၎င်းနောက် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာတော် အမှူးပြုသော သင်တန်းကထိကနည်းပြဆရာတော်နှင့် သံဃာတော်များတို့အား နေ့ဆွမ်းဆက်ကပ်ပြီး အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာအောင်ဆွေ+ဒေါ်ခင်အုန်းမြ(သမီး) မဟန်မီမီငြိမ်း၊ မချစ်မြတ်စန္ဒီငြိမ်း မိသားစုတို့က ရာသက်ပန်ဆွမ်းပဒေသာပင် အလှူငွေအဖြစ် ယခင်လှူဒါန်းငွေကျပ်(၁၅)သိန်း၊ ယခုလှူဒါန်းငွေကျပ်(၁၀)သိန်း စုစုပေါင်းငွေကျပ်(၂၅)သိန်းကို ပေးအပ်လှူဒါန်းရာ ဥပတ္ထမ္ဘကအဖွဲ့အတွင်းရေးမှူးဦးမျိုးဝင်းနိုင်က လက်ခံရယူပြီး သာဓုအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)