လယ်ဝေး သြဂုတ် ၂၂
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုးတို့သည် ယမန်နေ့ နေ့လယ်ပိုင်းက လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကိုနှင့် အဖွဲ့ဝင်များ၊ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် အေလာကျေးရွာအုပ်စု KC ခန်းမတွင် ကျင်းပပြုလုပ်သော လယ်ဝေးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက စိုက်ပျိုးရေးကဏ္ဍအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ခေတ်မီနည်းပညာများ၊ မျိုးကောင်းမျိုးသန့်များအသုံးပြုခြင်း၊ မြေကိုစနစ်တကျပြုပြင်ခြင်း၊ သွင်းအားစုများကို ပြည့်မီစွာထည့်သွင်းခြင်း၊ အောင်ရေရရှိရေးဆောင်ရွက်ခြင်းတို့ဖြင့် ပန်းတိုင်အထွက်နှုန်းများ ပြည့်မီအောင်အစီအမံများ စနစ်တကျရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း၊ သီးထပ်စွမ်းအားများတိုးတက်ရေး၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့်ပတ်သက်၍ အမျိုးသားရေးရည်မှန်းချက်တစ်ခုအနေဖြင့် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ သဘာဝဘေးကြောင့် ရေကြီးနစ်မြုပ်ပြီး ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ခင်းများအား အမြန်ပြန်လည်စိုက်ပျိုးနိုင်ရေးကို စီမံဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ လယ်ယာသုံးစက်ကိရိယာများ စက်စွမ်းအားပြည့် ဆောင်ရွက်နိုင်ရေးကို အလေးထားဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ နို့စားနွားမွေးမြူမှုနှင့် မွေးမြူရေးဇုန်များတွင် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပြည်တွင်းထွက်ရှိသည့် နို့ထွက်ပစ္စည်းများကို အဆင့်မြင့် နို့ထွက်ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်ငန်းများ တိုးမြင့်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများအား လျာထားချက်အတိုင်း ပြည့်မီစွာအချိန်မီဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် မူဝါဒနှင့်အညီ လယ်ယာကဏ္ဍ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများတွင် ငွေကြေးအရင်းအနှီး တတ်နိုင်သူများအနေဖြင့် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ပါက နိုင်ငံ၏စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်လာပြီး ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်လာမည်ဖြစ်သည့်အတွက် ဖိတ်ခေါ်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းသည် တိုင်းပြည်အတွက် စီးပွားရေးတစ်ခုဖြစ်ခြင်းကြောင့် ပန်းတိုင်အထွက်နှုန်းများ ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ သီးထပ်စွမ်းအားပြည့်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက လယ်ဝေးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံ၍ ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်း၌ စားရေရိက္ခာများ ဖူလုံမှာဖြစ်ကြောင်း၊ MSME ထုတ်ကုန်များကို တိုးတက်ထုတ်လုပ်နိုင်ရေး၊ ပြည်ပပို့ကုန်အဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပြည်ပမှသွင်းကုန်အစားထိုးရန်၊ ပြည်တွင်းထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးတို့ကို ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စားသုံးဆီနှင့် ဝါစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် စက်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး စနစ်တကျစိုက်ပျိုးရေး၊ မွေးမြူရေးတို့ကို အလေးထား ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများကို ကဏ္ဍအလိုက် ဌာနဆိုင်ရာများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြပြီး တောင်သူများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင်များက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုးတို့သည် တာဝန်ရှိသူများနှင့်အတူ အေလာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲသို့ သွားရောက်၍ ကျောင်းအတွင်း/အပြင် သန့်ရှင်းသာယာမှုရှိစေရေး၊ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးနှင့် ယခုအချိန်အခါသည် သွေးလွန်တုပ်ကွေးရောဂါများ၊ ဝမ်းနှင့်ပတ်သက်သောရောဂါများ အဖြစ်အများဆုံးအချိန်ဖြစ်၍ ကျောင်းအတွင်း မုန့်စျေးဆိုင်တန်းများ၌ ဈေးသည်များအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းမှုလိုအပ်ကြောင်း၊ အစားအစာများ ကိုင်တွယ်ရောင်းချရာတွင် လက်အိတ်နှင့်ကိုင်တွယ်၍ Date လွန်အစားအစာများ ရောင်းချမှုမရှိစေရန်၊ ကျောင်းအတွင်းအပြင် သန့်ရှင်းရေးလုပ်ငန်းများ နေ့စဉ်ဆောင်ရွက်ရန်၊ ခြင်နှင့် ပိုးလောက်လန်းများ မပေါက်ပွားနိုင်ရန်၊ ရေအိုင်၊ ရေဝပ်ဧရိယာများ မရှိစေရေးနှင့်ချုံနွယ်များ ရှင်းလင်းစေရန် မှာကြားခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)