အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

အလုံ သြဂုတ်လ ၂

လူမှု၀န်ထမ်းဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် လူမှု၀န်ထမ်းရုံးမှ ဦးဆောင်၍ ကျင်းပပြုလုပ်သော အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အလုံမြို့နယ်၊ ကမ်းနားလမ်းပေါ်ရှိ အလုံမူကြိုကျောင်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ရန်ကုန်အနောက်ပိုင်းခရိုင်လူမှု၀န်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုဒါရီမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဆောင်ရွက်မှုအခြေအနေအား ရှင်းလင်းပြောကြား ခဲ့သည်။

ဆက်လက်၍ မြို့နယ်ဥပဒေရုံးမှ ဒုမြို့နယ်ဥပဒေအရာရှိ ဒေါ်‌နန်းမေဖြူစင်၀င်းမှ ကလေးအလုပ်သမားများနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်းကိုလည်းကောင်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနဦးစီးအရာရှိ ဦးကျော်ကိုကိုမှ အလုပ်ရှင်/ အလုပ်သမားများနှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်ကျော်မှ လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများ အကြောင်းကိုလည်းကောင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်းမှ စက်ရုံ၊ အလုပ်ရုံ၊ ဈေးဆိုင်များအတွက် ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများအကြောင်းကိုလည်းကောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပြောကြားသူများအား တာဝန်ရှိသူများမှ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး အဆိုပါအသိပညာပေးဟောပြောပွဲသို့ အနောက်ပိုင်းခရိုင် လူမှု၀န်ထမ်းရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ဥပဒေရုံး၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များမှ တာ၀န်ခံများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)