လယ်ဝေး သြဂုတ် ၂၂
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများအား နေပြည်တော် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများအား လာရောက်ကြည့်ရှုအားပေးသည်။
နေပြည်တော်ကောင်စီဝင်များသည် လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ လိုက်ပါလျက် လယ်ဝေးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများအား နေပြည်တော်၊ ကျန်းမာရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးဒေါက်တာသန်းနိုင်စိုးဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ဆီးချို သွေးချိုတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့်ဖြစ်ပွားနေသည့်ရောဂါများအလိုက် စမ်းသပ်စစ်ဆေးပေးပြီးလိုအပ်သောဆေးဝါးနှင့် ကုသခြင်းများကို(အခမဲ့) ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုအားပေးကာ ကြက်ဥနှင့်အာဟာရပစ္စည်းများပေးအပ်သည်။ ထို့နောက် အထူးကုဆရာဝန်ကြီးများအား သစ်သီးခြင်းဂုဏ်ပြုလက်ဆောင်ပေးအပ်ကာ အငြိမ်းစားဝန်ထမ်းများအား ဆန်နှင့်စားသုံးဆီများစျေးနှုန်းချိုသာစွာ ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ဝေကြည်(ပြန်/ဆက်)