လိပ်သို ဩဂုတ် ၂၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်ကြီးမားပုံနှင့် ဆိုးကျိုးများအကြောင်း သိရှိရှောင်ရှားတတ်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့နယ်ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင် မူးယစ်ဆေးအစ ဆေးလိပ်ကဆိုသည့်အတိုင်း ဆေးလိပ်လက်ကြားညှပ်ရာမှ တဖြည်းဖြည်းအဆင့်တက် စမ်းသပ်မှုဖြစ်တတ်ကြောင်း၊ အနာဂတ်ပန်းကလေးများ ထာ၀စဉ်လန်းဆန်းနေရေးအတွက် မူးယစ်ဆေးကို လူသားမျိုးနွယ်တစ်ခုလုံး အညွန့်တုံးစေသည့် ဘုံရန်သူသဖွယ် သတ်မှတ်ရမည်ဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များ ပညာရေးခရီးလမ်း လျှောက်လှမ်းနေစဉ်အတွင်း မူးယစ်ဆေးဝါး၏ သားကောင်မဖြစ်စေရန် အသိသတိရှိ၍ ရှောင်ရှားစေလိုကြောင်း မူးယစ်ဆေးဝါး၏အန္တရာယ် ကြီးမားပုံနှင့်စပ်လျဉ်း၍ ပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးအကြောင်းအရာများကို ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများက ကြည့်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)