ကျေးသီးမြို့၌ မြို့နယ်အဆင့်ပညာရေး စုံညီပွဲတော် အခမ်းအနားကျင်းပ

ကျေးသီး ဇန်နဝါရီ  ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေး စုံညီပွဲတော်ကို ကျေးသီးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း အဆောက်အဦခန်းမ၌ ယနေ့နံနက် (၈)နာရီက ကျင်းပသည်။

ရှေးဦးစွာ ကျေးသီး အ.ထ.က မှ Grade-6 ကျောင်းသားကျောင်းသူလေးများက ကြိုဆိုပါသည် စုံညီပွဲတော်သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဆိုင်မိုင်းနှင့် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးအဏ္ဏဝါအောင်တို့က အမှာစကား ပြောကြားကြသည်။

ဆက်လက်၍ တာဝန်ရှိသူများက ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်တန်းတွင် အောင်ချက်အကောင်းဆုံး မြို့နယ်အဆင့်ကျောင်းဆုများ၊ သင်ထောက်ကူပစ္စည်းပြပွဲ ဆုရကျောင်းများ ၊ ကာယထူးချွန်ဆုနှင့် ဉာဏထူးချွန်ဆုများ ၊ ပညာရေးစုံညီပွဲတော် အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသည့် (ဆရာ/ဆရာမ) အသင်းများအား ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ကျေးသီးမြို့နယ်ရှိ ထက် ၊ လယ် ၊ မူ ကျောင်းသား/ကျောင်းသူလေးများက အကပဒေသာများ၊ တေးသီချင်းများဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြပြီး အခမ်းအနားသို့ ပြည်နယ် လွှတ်တော်ကိုယ်စာလှယ်၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ၊ မြို့နယ်တွင်းရှိ ကျောင်းများမှ ဆရာ/ဆရာမများ ၊ ကျောင်းသား/ကျောင်းသူများ ၊ ကျောင်းသားမိဘများ စုစုပေါင်း (၄၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 ဥမ္မာကျော်(ကျေးသီး-ပြန်/ဆက်)