ဒဂုံ ဩဂုတ်၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများကို ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်၀န်းကျင်ထိမ်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနကကျင်းပပြုလုပ်သည့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အမှိုက်များကို Reduce, Reuse, Recycle ပြုလုပ်၍ ပတ်၀န်းကျင်ကို အမှိုက်ကင်းစင်သောနယ်မြေဖြစ်အောင် စည်ကမ်းတကျ အမှိုက်စွန့်ပစ်နည်းများကို လက်တွေ့သရုပ်ပြရှင်းလင်းခြင်း၊ အတန်းအလိုက် ကျောင်းသား၊ ကျောင်းသူများ၏ စွန့်ပစ်ပစ္စည်းများပြန်လည်အသုံးပြုနိုင်မှု ဖန်တီးပြပွဲကို ဒိုင်အဖွဲ့၀င်များက လှည်လည်ကြည့်ရှုအကဲဖြတ်အမှတ်ပေး၍ ဆုရရှိသည့်အတန်းများကို ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် မြို့တော်စည်ပင်၀န်ထမ်းသမီးပျိုများမှ တေးသရုပ်ဖော်အကများ၊ အမှိုက်ကင်စင်စေရေးဆောင်ပုဒ်များ ကိုင်ဆောင်၍ ဖျော်ဖြေခဲ့ကြသည်။
ထို့နောက် မြို့တော်စည်ပင်မှ ဒေါက်တာအောင်မြင့်မော်မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဒေါ်ဥမ္မာထွေးကို ကျောင်းတွင်အသုံးပြုရန် ဗလာစာအုပ်၊ လက်ကမ်းစာစောင်နှင့် အမှိုက်ထည့်သည့် အိတ်များပေးအပ်ခဲ့ကြသည်။ အဆိုပါအသိပညာပေးဆွေးနွေးပွဲ အခမ်းအနားသို့ ပတ်၀န်းကျင်ထိမ်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူးများ၊ လက်ထောက်ဌာနမှူးများ၊ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၇၅၀ ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။
လဲ့လဲ့ (ပြန်/ဆက်)