မိုင်းယောင်း ဩဂုတ် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ခိုကဲ-ပါမန်း-ဝမ်ကောင်း-ဝမ်တောင်းလမ်း(ဓါတ်လုံစေတီတော်သွားလမ်း)ပေါ်ရှိ တံတားတစ်စင်း ပြိုကျပျက်စီးသွားသဖြင့် ကျပ်(၃)သန်းခန့် ဆုံးရှုံးမှုဖြစ်ပေါ်ကာ လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
အဆိုပါတံတားအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇော်မင်းဆွေ၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့နှင့် ပြည်သူများပါဝင်သော စုစုပေါင်းအင်အား(၂၇)ဦးတို့က လူနှင့်မော်တော်ယာဉ်များ ထိခိုက်မှုမရှိစေရေး ခေတ္တပိတ်ထားပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရန် ခိုကဲ-ပါမန်း-ဝမ်ကောင်း-ဝမ်တောင်းလမ်းအစား ခိုကဲ-ရဲဘော်ဟောင်း-ပါမန်း-ဝမ်ကောင်း-ဝမ်တောင်းလမ်း၊ ခိုကဲ-ယမ်းခမ်း-ဝမ်ဖြို-ပါမန်း-ဝမ်ကောင်း-ဝမ်တောင်းလမ်းနှင့် ခိုကဲ-မုန်းလိုက်-ဝမ်တောင်း-ဝမ်ကောင်း-ပါမန်းလမ်းတို့ကို အသုံးပြုနိုင်ရေးအတွက် လမ်းလွှဲပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
အရှည်နှင့် အကျယ် ၁၅ ပေ၊ အမြင့် ခြောက်ပေရှိ ယင်းတံတားသည် ၂၀၀၃-၂၀၀၄ ခုနှစ်တွင် ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပြိုကျပျက်စီးသွားသည့် အဆိုပါ တံတားနေရာတွင် အရှည် ၂၅ ပေ၊ အကျယ် ပေ ၂ဝ၊ အမြင့်ခုနစ်ပေရှိ တံတားတစ်စင်း အမြန်တည်ဆောက်သွားရန် တာဝန်ရှိသူများက စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)