နမ့်စန်(တ) ဩဂုတ် ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက အမှတ် (၂) ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)သရဖီ ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အသင်းဥက္ကဋ္ဌ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမွန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်ရွှေတို့က အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အသင်းမှ တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အမှုဆောင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားတင်ပြခဲ့ကာ အသင်းသားများ၏ အတည်ပြုချက်ရယူခဲ့ကြသည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့သော အသင်းသားများ၏ သားသမီးများကို ပညာရည်ချွန်ဆုများချီးမြှင့်ရာ (၅) ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ ရိုးရိုးအောင် (၄) ဦးနှင့် လူရည်ချွန်ဆုရသူ (၂) ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းမှ တာဝန်ရှိသူများက အသင်းသား (၈၃၃) ဦး၏ စုဆောင်းငွေပေါ်အတိုး စုစုပေါင်း (၃၇၈၅၀၀၀၀) ကျပ်ကို စနစ်တကျ ခွဲဝေထုတ်ပေးခဲ့ပြီး အခမ်းအနားတက်ရောက်သူများကို စုစုပေါင်းနှစ်ဆယ့်ခုနှစ်သိန်းကျပ် တန်ဖိုးရှိ ဗလာမပါ ငွေသား ဆုမဲများကို ကံစမ်းမဲဖောက်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)