ရှမ်းရွာသစ် ဩဂုတ် ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန်ရည်ရွယ်၍ ဓမ္မစကူးလ်ယဉ်ကျေးလိမ္မာသင်တန်းကို နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဓမ္မစကူးလ်ယဉ်ကျေးလိမ္မာသင်တန်းကို ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်း၌ ကျောင်းသားလူငယ်ကလေးငယ်များအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဓမ္မစကူးလ်သင်တန်းကို တက်ရောက်ခြင်းဖြင့် အတန်းလိုက်သင်ခန်းစာ စာအုပ်များတွင်ပါဝင်သော သင်ခန်းစာများသည် ကလေးများ၏ ဉာဏ်ရည်အလိုက်ရဟန်းပညာရှိ၊ လူပညာရှိများ စုပေါင်းတိုင်ပင်၍ ရေးဆွဲထားသဖြင့် ကလေးများပျော်ရွှင်၍ ဉာဏ်ရည်ထက်မြက်လာစေမှာဖြစ်ကြောင်း၊ ဓမ္မစကူးလ်ကျောင်းသည် တစ်ပတ်မှာတစ်ရက်၊ တစ်ရက်မှာတစ်မနက်သာ တက်ရောက်ရသဖြင့် အတန်းပညာရေးကို အဟန့်အတားမဖြစ်စေသည့်အပြင် ကိုယ်ရောစိတ်ပါပြုပြင်ထားသော လူငယ်လေးများ ဖြစ်လာရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားရပေးခြင်းဖြစ်ကြောင်း၊ ဓမ္မစကူးလ်သင်တန်းသည် အသိဉာဏ်ပြည့်ဝပြီး တိုင်းပြည်နှင့်လူမျိုးသာသနာကို စောင့်ရှောက်ကြမည့် သားကောင်း၊ သမီးကောင်းများ ဖြစ်လာကြရန်အတွက် နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် အခြေခံပညာမူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၀)ဦးတက်ရောက်ပြီး ဆရာ၊ ဆရာမအင်အား(၈)ဦးဖြင့် အပတ်စဉ် တနင်္ဂနွေနေ့တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)