မိုင်းစံ ဩဂုတ် ၁၉
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ပူးပေါင်းပြီး စာရေးဆရာချစ်နိုင် (စိတ်ပညာ) ၏ “အောင်မြင်ခြင်းရဲ့ အုတ်မြစ်” စာအုပ်ကို လေ့လာဖတ်ရှု၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ အဖွဲ့ဝင် ဦးလင်းထိုက်က “ပညာကို မြတ်နိုးတတ်သော” ခေါင်းစဉ်ဖြင့် ပညာဆိုတာ ဆောင်ရန်နဲ့ ရှောင်ရန်ကို သိမြင်ခြင်း၊ လိုက်နာကျင့်သုံးခြင်းဖြစ်ကြောင်း၊ ပဲ့ရဲ့ထိန်းကျောင်းမှုကို လိုက်နာရကောင်းမှန်းမသိတဲ့ လှေဟာ ကျောက်ဆောင်တွေနဲ့ မိုးလေမုန်တိုင်းနဲ့တွေ့တဲ့အခါ ရေအောက်သို့ ဒီလှေနစ်မြုပ်ရမည်ဖြစ်ကြောင်း၊ ငယ်စဉ်အခါ ပညာရှာကြရန်၊ ပညာကို တန်ဖိုးထားရန်၊ ပညာကိုအလေးထားပြီး မြတ်မြတ်နိုးနိုးဆည်းပူး ရှာဖွေကြရမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ မကေသွယ်ဖြိုးက“ပညာအကျင့်” ခေါင်းစဉ်ဖြင့် မမေးလျှင်မသိ မကြည့်လျှင်မမြင်၊ မသင်ယူလျှင် နားမရှင်း၊ ဖတ်ရှုလေ့လာ၊ စူးစမ်းမေးမြန်း၊ ဆင်ခြင်သုံးသပ်ပါမှ အသိပညာ အတတ်ပညာ တိုးတက်ဖွံ့ဖြိုးမည်ဖြစ်ကြောင်း၊ စာများများဖတ်သော လူငယ်များ၊ အဆုံးအမတရားနာယူသော သားသမီးများသာ လမ်းကြောင်းဖြောင့်ဖြူးကြမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ မဆုဆုလှိုင်က “လမ်းမှန်သိမြင်” ခေါင်းစဉ်ဖြင့် လူငယ်များ အသိဉာဏ်ပညာ ဆည်းပူးလေ့လာကြဖို့ရာ များစွာလိုအပ်ကြောင်း၊ ကြီးမားကျယ်ဝန်းနေသော ထိုကွက်လပ်ကိုလူငယ်ထုကိုယ်တိုင်က စာပေဖတ်ရှုလေ့လာမှသာ အသိအလိမ္မာတိုးလာနိုင်ကြောင်း၊ အခြေအနေမှန်ကို ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ စဉ်းစားသုံးသပ်လျက် လမ်းကောင်းလမ်းမှန် သိမြင်ရွေးချယ်နိုင်ကြစေလိုကြောင်းကိုလည်းကောင်း၊ “အောင်မြင်ခြင်းရဲ့ အုတ်မြစ်” စာအုပ်ပါခေါင်းစဉ်များအလိုက် မိမိတို့ဖတ်ရှုနားလည်မှုများကို စာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များနှင့်အတူ အပြန်အလှန်ဆွေးနွေးကြရာ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထွေးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
မိုင်းစံ(ပြန်/ဆက်)