ရှမ်းရွာသစ် ဩဂုတ် ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် လူငယ်ရေးရာနှင့်ပတ်သက်သောအကြောင်းအရာများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ စာပေဗဟုသုတများ သိုလှောင်ထားသည့် ပညာဘဏ်တိုက် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ပြင်ပစာပေဗဟုသုတများ ရှာဖွေလေ့လာမှတ်သားသည့် အလေ့အကျင့်များရှိစေရန်၊ စာအုပ်စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိဉာဏ်ပညာဖွံ့ဖြိုးလာပြီး မိမိနိုင်ငံနှင့်မိမိလူမျိုးများကို အကျိုးပြုနိုင်မည့် လူငယ်လေးများဖြစ်လာစေရန်ရည်ရွယ် ချက်များဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးကလူငယ်စာရိတ္တ၊ လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်များဖြင့် ကျောင်းသား၊ ကျောင်းသူများအား အသိ ပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)