နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဥတ္တရသီရိမြို့နယ်အတွင်း ဈေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးပြီး ရေကြီးနစ်မြုပ်ပျက်စီးသွားသည့် မိုးစပါးစိုက်ဧကများအတွက် အရန်မျိုးစပါးများအခမဲ့ ထောက်ပံ့ပေးအပ်ပွဲတက်ရောက်

ဥတ္တရသီရိ ဩဂုတ် ၁၈

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည်၊ နေပြည်တော်ကောင်စီဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ၏ကြီးကြပ်မှုဖြင့် ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံးကြီးမှ ဝန်ထမ်းများအား ဈေးနှုန်းသက်သာစွာဖြင့် ဆန်၊ စားအုန်းဆီများနှင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် မောင်ရမ်းကျေးရွာအုပ်စု၊ မောင်းရမ်းကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ရေကြီးနစ်မြှုပ်ပျက်စီးသွားသည့် မိုးစပါးစိုက်ဧကများအတွက် အရန်မျိုးစပါးများ အခမဲ့ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စိုက်ပျိုးရေးလုပ်ငန်းများကို ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်ပါက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်နိုင်မှာဖြစ်ကြောင်း၊ လယ်ယာကဏ္ဍကို အပြည့်အဝအကောင်အထည်ဖော်နိုင်မှသာ ပြည်တွင်းစားနပ်ရိက္ခာ ပေါများလာမည့်အပြင် ပိုလျှံစွာထွက်ရှိလာသည့် ထုတ်ကုန်များမှ ပြည်ပပို့ကုန်များရရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အခြေခံသည့် ပြည်ပဝင်ငွေများရရှိမှာဖြစ်ကြောင်း၊ နေပြည်တော်တွင် အဓိကသီးနှံ(၁၀)မျိုးကို စိုက်ပျိုးထုတ်လုပ် လျက်ရှိပြီး အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း အစရှိသည့် နည်းလမ်းလေးရပ်ကို ဖြည့်ဆည်းပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြာင်း၊ နိုင်ငံတော်မှ တောင်သူများ စိုက်ပျိုးထုတ်လုပ်နေသည့် သီးနှံစိုက်ခင်းများအတွက် အဓိကလိုအပ်လျက်ရှိသည့် သွင်းအားစုများ ကိုလည်း နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံများအတွက် ကူညီထုတ်ချေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သီးနှံစိုက်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရန် သီးထပ်၊ သီးညှပ်သုံးသီး အပြည့်စိုက်ပျိုးနိုင်ရေး၊ ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၊ တောင်သူများအနေဖြင့် အတူတကွဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း စိုက်ပျိုးနိုင်သည့်မြေအားလုံး၌ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးကောင်း၊ မျိုးသန့်များ အသုံးပြုစိုက်ပျိုးရေးအတွက် သက်ဆိုင်ရာဌာနများအားလုံးက တောင်သူများကို နည်းပညာများ ဖြန့်ဝေပေး‌စေလို‌ကြောင်း၊ ပြည်တွင်းစားသုံးဆီ ဖူလုံစွာထုတ်လုပ်နိုင်‌ရေးအတွက် လိုအပ်သည့် ဆီထွက်သီးနှံကုန်ကြမ်းများကို အချိန်မီရရှိစေရေးနှင့် တစ်နှစ်ပတ်လုံး အလျဉ်မီအောင်ထွက်ရှိစေရေး နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်နှင့်အညီ မိမိဒေသ၏ ရေမြေသဘာဝနှင့်ကိုက်ညီသည့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သီးနှံပုံစံ Cropping Pattern များကို ရေးဆွဲတင်ပြရကြောင်း၊ တည်ရှိနေသည် လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံ၊ သစ်တော၊ တောင်ယာ၊ အခြားစသည့် မြေမျိုးကြီးများအလိုက် မိုးကောင်းသောက်၊ ဆည်ရေသောက်စသည့် ရေရရှိမှုနည်းလမ်းများကို အခြေခံပြီးရေးဆွဲရကြောင်း၊ ဒေသအလိုက်တည်ရှိသည့် မြေအမျိုးအစားအလိုက် သီးနှံပုံစံရွေးချယ်ခြင်း၊ ရေရရှိနိုင်သည့် နည်းလမ်းအလိုက် သီးနှံပုံစံရွေးချယ်ခြင်း၊ ရွေးချယ်ထားတဲ့ သီးနှံပုံစံအလိုက် မြေနေရာသတ်မှတ်ခြင်း၊ သတ်မှတ်ထားသည့် မြေနေရာအလိုက် သီးနှံရွေးချယ်ရန်နှင့် စိုက်ချိန်၊ ရိတ်ချိန်များသတ်မှတ်ခြင်း၊ တောင်သူနည်းပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်ရာဌာနများအနေဖြင့် ဒေသခံတောင်သူများနှင့် ဝိုင်းဝန်းပေါင်းစပ်ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးမျိုးနိုင်က မြို့နယ်အတွင်း မိုးရာသီစိုက်ပျိုးသီးနှံများ လျာထားမှု၊ စိုက်ပျိုးထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများအား (နှံကောက်)မျိုးစပါးများကို အခမဲ့ထောက်ပံ့ပေးအပ်ကာ တက်ရောက်လာသည့် ဒေသခံပြည်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဆက်ဆိုင်ရာကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)