ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၏ မိုးရာသီအမျိုးသား၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးဆုချီးမြှင့်

မြစ်ကြီးနား သြဂုတ် ၁၈

ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မိုးရာသီကျောင်းတွင်း အမျိုးသား/ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်၊ ငြိမ်းချမ်းသာယာအားကစားရပ်ဝန်းအတွင်းရှိ ငြိမ်းချမ်းသာယာ ဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူများက မိုးရာသီကျောင်းတွင်း အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ်အသင်းနှင့် တတိယနှစ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြရာ တတိယနှစ်အသင်းက ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။

ယင်းနောက် ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးက ကွန်ပျူတာတက္ကသိုလ် ကျောင်းသား/ကျောင်းသူများအနေဖြင့် အားကစားကို စိတ်ဝင်တစားရှိကြသည့်အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ကျောင်းတွင်းအားကစားပြိုင်ပွဲအဆင့်မှသည် တက္ကသိုလ်လက်ရွေးစင်၊ ပြည်နယ်လက်ရွေးစင်မှ နိုင်ငံ့လက်ရွေးစင်ဖြစ်သည့်အထိ ကြိုးစားကြစေလိုကြောင်း၊ လာမည့်ပညာသင်နှစ်တွင်လည်း ယခုကဲ့သို့ အားကစားပြိုင်ပွဲများကို အစဉ်အလာမပြတ် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အတွက် ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိတို့၏ မူလရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် IT ပညာရှင်များဖြစ်လာစေရေး၊ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်လူငယ်များဖြစ်လာအောင် ကြိုးစားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ဆုများကိုချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးနှင့် ဒုတိယပါမောက္ခချုပ်တို့က အားကစား ပြိုင်ပွဲများဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီခဲ့ကြသော ကြက်ခြေနီတပ်ဖွဲ့၊ ဒိုင်အဖွဲ့တို့အား အမှတ်တရလက်ဆောင်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပါမောက္ခဌာနမှူးများ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဒုတိယနှင့်ပထမဆုရအသင်းများနှင့် အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဒုတိယဆုနှင့် ပထမဆုရအသင်းများအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဆုဖလားများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ဒုတိယပါမောက္ခချုပ်က အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဒုတိယဆုရအသင်းအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးက ပထမဆုရအမျိုးသားဘောလုံးအသင်းအားလည်းကောင်း တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဆုဖလားများကို အသီးသီးပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)