မိုးနဲမြို့နယ်၌ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း ပညာပေးဆွေးနွေး

မိုးနဲ ဩဂုတ် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း‌‌ခေးခရိုင် စိုက်ပျိုးရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးဆောင်၍ မိုးနဲမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ မိုက်ဟိုင်းကျေးရွာအုပ်စု၊ နမ့်မော်လေကျေးရွာတွင် သဘာဝ‌မြေသြဇာပြုလုပ်သုံးစွဲနည်းပညာ‌ပေးဆွေးနွေးခြင်းနှင့် စူပါအီးအမ်ဘိုကာရှီ မြေဩဇာလက်တွေ့ ပြုလုပ်ပုံသရုပ်ပြခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းစိတ္တနေအိမ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ လင်းခေးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးမို့မို့ထွန်းက  ဓာတ်မြေဩဇာ၊ ဇီဝမြေသြဇာ၊ သဘာဝမြေဩဇာများနှင့်  သီးနှံပင်များ ရိတ်သိမ်းပြီး မီးမရှို့ဘဲ သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုရန်နှင့် သဘာဝမြေဩဇာသုံးစွဲခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မော်ဦးက အီးအမ်အဏုဇီဝရည်ဖြင့် သဘာဝ‌မြေသြဇာပြုလုပ်နည်း၊ သီးနှံပင်စွန့်ပစ်ပစ္စည်း၊ စပါးခွံ၊ ဖွဲနု၊ နွားချေး၊ အီးအမ် အဏုဇီဝရည်ဖြင့် စူပါအီးအမ်ဘိုကာရှီပြုလုပ်သုံးစွဲနည်းများကို ရှင်း‌လင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် စူပါအီးအမ်ဘိုကာရှီပြုလုပ်ခြင်းကို လက်တွေ့ပြသခဲ့ပြီး တက်ရောက်လာသော တောင်သူများအား  အသင့်သုံးအီးအမ်အရည်များ ဖြန့်ဝေပေးခြင်းနှင့် တောင်သူပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)