မိုးနဲ ဩဂုတ် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့မှ ကျောင်းကျန်းမာရေးအဖွဲ့ တာဝန်ရှိသူများက ပညာရေးဌာနနှင့်ပူးပေါင်းကာ ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် တစ်ကိုယ်ရေသန့်ရှင်းရေး၊ လက်ဆေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေး၊ နည်းစနစ်မှန်သွားတိုက်ခြင်း၊ မိုးတွင်းကာလကလေးငယ်များတွင် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနည်းလမ်းများ၊ ဝမ်းပျက်/ဝမ်းလျှော ရောဂါများအကြောင်းကို ပြောကြားခဲ့သည်။
ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းအခြေပြု သန်ကျဆေးတိုက်ကျွေးခြင်းနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအခြေအနေများကို မူလတန်းရှိ ကျောင်းသား/သူ(၃၀၀) ဦးကျော်ကို ကျန်းမာရေးစစ်ဆေးပေးခဲ့ပြီး (KG) တန်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာရေးဦးစီးဌာနမှ သွားတိုက်တံများ ဝေငှပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)