မြောက်ဥက္ကလာပမြို့နယ် အ.လ.က(၂)တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မြောက်ဥက္ကလာပ သြဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်း မြခရေခန်းမတွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က  ယာဥ်ထိန်းတပ်ဖွဲ့စု (၃၅)မှ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးငယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယာဥ်ထိန်းတပ်ဖွဲ့စု (၃၅)မှ မြောက်ဥက္ကလာပမြို့နယ် တပ်စုမှူး ဒုရဲမှူးလှိုင်ဝင်းအောင်ဦးစီးသောတပ်ဖွဲ့ဝင်များက ကျောင်းသား/သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို သိရှိလိုက်နာရေးသည် အရေးကြီးပါကြောင်း၊ စည်းကမ်းတကျသွားလာမှသာ ဘေးအန္တရာယ်ကင်းရှင်းနိုင်မည်ဖြစ်ကြောင်း၊  ယာဉ်နှင့်လမ်းကို မလွဲမရှောင်သာဘဲ နေ့စဉ်အသုံးပြုနေကြရ၍ စည်းကမ်းနှင့်အညီလိုက်နာပြုမှုမှသာ ယာဉ်ထိခိုက်မှုကင်းဝေးပြီး လိုရာကိစ္စပြီးမြောက်နိုင်မည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ ယာဥ်ထိန်းတပ်ဖွဲ့ဝင်များက ယာဉ်/လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား/သူ (၃၀၀)ဦးထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)