မန္တလေးတိုင်းဒေသကြီး အမှတ်(၁၈)မူးယစ်ရဲတပ်ဖွဲ့နှင့် ကျောက်ဆည်ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်းပြီး မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး

ကျောက်ဆည် ဩဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး၊ အမှတ်(၁၈)မူးယစ်ရဲတပ်ဖွဲ့နှင့် ကျောက်ဆည်ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအမှတ်(၁၈)မူးယစ်ရဲတပ်ဖွဲ့မှ ဒုတပ်ဖွဲ့စုမှူး၊ ဒုရဲမှူးမျိုးသန့်က ကျောင်းသား/ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါသည် ပုံစံအမျိုးမျိုး၊ အရောင်အမျိုးမျိုး ထွက်ပေါ်လျက်ရှိသောကြောင့် ကျောင်းသား/ကျောင်သားများအနေဖြင့် မူးယစ်ဆေးဝါးများအကြောင်းကို ကြိုတင်သိရှိထားရန် လိုအပ်ကြောင်း၊ ဘိန်းပင်များအကြောင်း၊ မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုများအကြောင်း၊ ဈေးကွက်အတွင်း ဝင်ရောက်နေသည့် မူးယစ်ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ အားပေးကူညီခြင်းများ၏ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးအမှတ်(၁၈) မူးယစ်ရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိသော မူးယစ်ဆေးဝါးကြိုတင်ကာကွယ်ရေးများနှင့် ဖမ်းဆီးနှိင်နင်းခြင်းအကြောင်းများ ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ရာ မန္တလေး တိုင်းဒေသကြီးအမှတ်(၁၈)မူးယစ်ရဲတပ်ဖွဲ့မှ ဒုတပ်ဖွဲ့စုမှူး၊ ဒုရဲမှူး မျိုးသန့်နှင့်တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် ဆွေးနွေးသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ‌ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်မောင်၊ကျောက်ဆည်