မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ သုတေသနပြပွဲနှင့် ပြိုင်ပွဲကျင်းပ

မိတ္ထီလာ ဩဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်ဘာသာရပ်ပေါင်းစုံ သုတေသနပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သုတေသနပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားတွင် ပြပွဲနှင့်ပြိုင်ပွဲ မစတင်မီ ပါမောက္ခချုပ် ဒေါက်တာဘဟန်က အမှာစကား ပြောကြားသည်။ဆက်လက်၍ ပြပွဲနှင့် ပြိုင်ပွဲကိုကျင်းပရာ ဘူမိဗေဒဌာန၊ သတ္တဗေဒဌာန၊  ရုက္ခဗေဒဌာန၊ ရူပဗေဒဌာန၊ သင်္ချာဌာန၊ ဓာတဗေဒဌာန၊ ဒဿနိကဗေဒဌာန၊ အင်္ဂလိပ်စာဌာန၊ သမိုင်းဌာန  ၊ပထဝီဝင်ဌာန  ၊ စီးပွားရေးပညာဌာန ၊ ဥပဒေပညာဌာန၊ အရှေ့တိုင်းပညာဌာနနှင့် မြန်မာစာဌာနတို့မှ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများ၏ ဘာသာရပ်ဆိုင်ရာ ပြိုင်ပွဲဝင်ပြခန်းများကို ပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊ ဒုတိယပါမောက္ခချုပ်များနှင့် ဆရာဆရာမများက လိုက်လံကြည့်ရှုအားပေးကြသည်။ မွန်းလွဲပိုင်းတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ သုတေသနပြပွဲနှင့် ပြိုင်ပွဲတွင်ဆု ရရှိခဲ့ကြသည့် ဘာသာရပ်ဆိုင်ရာ ပြခန်းအဖွဲ့များထံသို့ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ချမ်းသာ