တံတား ဩဂုတ် ၁၃
ရန်ကုန်တိုင်းသေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေဝါသနာရှင်များနှင့် (Youth Club)အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာပါရဂူရေးသားသည့် “သမိုင်းသင်ခန်းစာ” စာအုပ်ဖြင့် ယနေ့နံနက်(၉)နာရီအချိန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်မိုးဖြူလွင်က အများပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန်မရှိသူများအတွက်၊ စာဖတ်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက်ရည်ရွယ်၍ လစဉ်စာဖတ်ဝိုင်းများပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင်(Youth Club)အဖွဲ့ဝင်မနေခြည်လင်းလဲ့ကိုမှ “ကျောက်စာကပြောသောသမိုင်း” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် လူ့သမိုင်း၌အတိတ်ကာလကဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ၊ အကြောင်းအရာများကို ရှေးဟောင်းပစ္စည်းများနှင့် ရှေးဟောင်းကမ္ပည်းကျောက်စာများအရသာလျှင် သိရှိနားလည်ရကြောင်း၊ ကမ္ပည်းထိုးကျောက်စာများသာမရှိလျှင် အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓဘုရားရှင် ပွင့်တော်မူခဲ့သည်ကို သမိုင်းအထောက်အထားခိုင်လုံစွာဖြင့် အခိုင်အမာပြောပြရန်ခက်ခဲကြောင်း ဆွေးနွေးပြီးနောက်(Youth Club)အဖွဲ့ဝင်မောင်ရှိုင်းဝဏ္ဏမှ “အမှောင်နဲ့အလင်း” ခေါင်းစဥ်ဖြင့် ဆက်လက်ဆွေးနွေးရာ တက်ရောက်လာကြသော စာပေဝါသနာရှင်များမှ အတွေးအမြင်ဗဟုသုတများ အပြန်အလှန်ဖလှယ်ခဲ့ကြောင်း သိရသည်။
ခန့်စည်သူဝင်း(ပြန်/ဆက်)