ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း “လူသုံးကုန်၊ အလှကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

မြစ်ကြီးနား သြဂုတ် ၁၂

ကချင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ရပ်ကွက်၊ ကျေးရွာနေပြည်သူများအတွက် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများအတွက် လူသုံးကုန်၊ အလှကုန်ထုတ်လုပ်မှုနည်း ပညာသင်တန်းနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ ဦးစီးဌာနရုံး လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုနှစ်အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများအတွက် မြစ်ကြီးနားမြို့ပေါ်ရှိ မန်ခိန်ရပ်ကွက်နှင့် အောင်နန်းရပ်ကွက်တို့တွင် စတင်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်မည့်သူများအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လာနိုင်ခြင်းကြောင့် ပုဂ္ဂလိက အသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် တစ်ပိုင်တစ်နိုင်အသေးစားကုန်ထုတ်လုပ်ငန်းများမှတစ်ဆင့် လုပ်ငန်းရှင်များအဖြစ် လျင်မြန်စွာပေါ်ထွန်း လာခြင်းဖြင့် ပြည်နယ်၏အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP)ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လူသုံးကုန်၊ အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ထောက်ပံ့ငွေကျပ် ၁၂ သိန်းနှင့် သင်တန်းသုံးကုန်ကြမ်းပစ္စည်းများကို စီမံကိန်းအကောင်အထည်ဖော်မည့် အောင်နန်းရပ်ကွက်၊ မန်ခိန်ရပ်ကွက် မှကော်မတီဝင်များထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ သင်တန်းများအတွက် သင်တန်းသုံးကုန်ကြမ်းပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို လှည့်လည်ကြည့် ရှုစစ်ဆေးခဲ့ကြကာ သင်တန်းသား/ သင်တန်းသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)