သာပေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(လှေကြီးတတ်)၌”လူငယ်စကားဝိုင်း”ကျင်းပ

သာပေါင်း ဩဂုတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လှေကြီးတတ် ကျေးရွာအုပ်စု၊လှေကြီးတတ် ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (လှေကြီးတတ်) ၊ အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၇ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ “လူငယ်စကားဝိုင်း” ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက ဗလငါးတန် (ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘောဂ၊ မိတ္တ) နှင့် ပြည့်စုံသည့်ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် လူအများကြား ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်များဖြစ်လာစေရန်၊ အသိပညာ၊ ဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးတတ်သည့်ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန်၊အစုအဖွဲ့ဖြင့် ပြောဆိုဆောင်ရွက်မှုများရှိလာစေရန်၊ နှုတ်မှုရေးရာ စွမ်းဆောင်ရည်မြင့်မားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့်”လူငယ်စကားဝိုင်း”ကျင်းပပေးရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီးနောက် “လူငယ်နှင့်ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့် ကျောင်းသူမ ချစ်မုန်းလှိုင် (Grade-11) က စတင်ဆွေးနွေးပြောကြားပြီး”လူငယ်နှင့်စာပေ”ခေါင်းစဉ်ဖြင့် ကျောင်းသူ မလင်းလဲ့ကြယ်စင် (Grade-10) ၊”လူငယ်နှင့်မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့် ကျောင်းသား မောင်လျှမ်းစစ်ပိုင်ဦး(Grade-12)၊”လူငယ်နှင့်ကိုယ်ချင်းစာစိတ်” ခေါင်းစဉ်ဖြင့် ကျောင်းသားမောင်အာကာမောင် (Grade-12)၊” လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် မမြမြမော် (Grade-11) တို့က အသီးသီးဆွေးနွေးပြောကြားကြရာ လူငယ်စကားဝိုင်းသို့ တတ်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများ၏ မေးမြန်းချက်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြ‌ပြီး အခြေခံပညာအထက်တန်းကျောင်း (လှေကြီးတတ်) အုပ်ဆရာကြီးဦးစိုးနိုင်ဦးက နိဂုံးချုပ်ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာ‌ပေးနံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)