နေပြည်တော် ဩဂုတ် ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်စီးဆင်းမှုမှန်ကန်စေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ယင်းနောက် နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံရေး၊ စီးပွားရေးများကို ထိခိုက်စေလျက်ရှိသဖြင့် ကုန်သွယ်မှုနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပြည်သူများစားဝတ်နေရေး ပြေလည်မှုမှတစ်ဆင့် လူနေမှုအဆင့်အတန်းမြင့်မားလာပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် အဓိကရည်မှန်းချက်ထားရှိပြီး ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း စပါးအပါအဝင် ဆီထွက်သီးနှံများ၊ ဝါသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သီးထပ်စွမ်းအားတိုးတက်ရေးတို့ကို စီမံဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်လာမှာဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးဆောင်ရွက်ရာတွင် ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်နိုင်မှသာ နိုင်ငံ၏ GDP များ တိုးတက်လာမှာဖြစ်သည့်အတွက် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများတိုးတက်ရေး ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများမရှိစေရေး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး၊ အခွန်ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများကို အခွန်ကောက်လုပ်ထုံးလုပ်နည်းများအပါအဝင် အခွန်ပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တရားမဝင်ကုန်ပစ္စည်းများကို စဉ်ဆက်မပြတ် စစ်ဆေးဖော်ထုတ်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး အလေးထားကြပ်မတ်ဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်အတွင်း ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေးနှင့် တရားမဝင်ကုန်သွယ်မှုများမရှိစေရေးတို့အတွက် ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်း အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေရေးအတွက် ဆောင်ရွက်နေမှုအခြအနေများကိုလည်းကောင်း၊ နေပြည်တော်ကုန်သွယ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက နေပြည်တော်အတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များက နေပြည်တော်အတွင်း ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်စီးဆင်းမှုမှန်ကန်စေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီး ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)