တာချီလိတ် ဩဂုတ် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ဩဂုတ်လအတွင်း မိုးများအဆက်မပြတ် ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာမှ တင်ကျန်ရစ်ခဲ့သော အမှိုက်ရွှံ့နွံများကို စည်ပင်သာယာရေးဌာနမှ ဆက်လက်ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ဩဂုတ်လ ၄ ရက်နေ့မှစ၍ ရေများတဖြည်းဖြည်း ပြန်လည်ကျဆင်းပြီးနောက် ဗိုလ်ချုပ်လမ်းမကြီးများနှင့် ရပ်ကွက်များအတွင်း တင်ကျန်ရစ်ခဲ့သော အမှိုက်သရိုက်များ၊ ရွှံ့နွံ့များကို တာဝန်ရှိသူများက ဦးစားပေးအဆင့်အလိုက် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင်လည်း တာလော့ရပ်ကွက်ရှိ ဈေးနှင့်လမ်းများအတွင်း ကျန်ရှိနေသည့် အမှိုက်သရိုက်များ၊ ဒိုက်ဖက်များ၊ ရွှံ့နုံးသဲများကို စက်ယန္တရားများဖြင့် စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းရှင်းလင်းဆောင်ရွက်နေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)