နေပြည်တော် ဩဂုတ် ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများ၊ MSME လုပ်ငန်းများ၊ အခြားချေးငွေလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအား လျာထားချက်အတိုင်း ပြည့်မီစွာ အချိန်မီဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် မူဝါဒနှင့်အညီ လယ်ယာကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် ငွေကြေးအရင်းအနှီး တတ်နိုင်သူများအနေဖြင့် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက် ပါက နိုင်ငံ၏စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်လာပြီး ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်လာမည်ဖြစ်သည့်အတွက် ဖိတ်ခေါ်ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းသည် တိုင်းပြည်အတွက် စီးပွားရေးတစ်ခုဖြစ်ခြင်းကြောင့် ပန်းတိုင်အထွက်နှုန်းများ ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ သီးထပ်စွမ်းအားပြည့်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် စပ်လျဉ်း၍ ချေးငွေစာချုပ်ပါ သတ်မှတ်ရက်အတွင်း ရာနှုန်းပြည့်ပြန်လည်ပေးသွင်းနိုင်ရေး ကြီးကြပ်စီမံဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများ စနစ်တကျအောင်မြင်စွာ လည်ပတ်နိုင်ရေး၊ လုပ်ငန်းများ အောင်မြင်စေရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်စေရေးတို့ကို သက်ဆိုင်ရာဌာနများမှ ဝိုင်းဝန်းကြပ်မတ်ပူးပေါင်းဆောင် ရွက်သွားကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ စနစ်တကျလည်ပတ်နိုင်ရေးကိစ္စရပ်များ၊ ချေးငွေထုတ်ချေးမှုအခြေအနေနှင့် ပြန်လည်ပေးဆပ်မှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)