ရွှေဘို သြဂုတ် ၅
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးဦးက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် အရေးကြီးဆုံးလုပ်ငန်းစဉ်ဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်ရေးများနစ်နာမှုမရှိစေရေး မဲစာရင်းပြုစုရာတွင် အရေးကြီးသည့်ကိန်းဂဏန်းအချက် အလက်မှန်ကန်စေရေးအတွက် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းမှရရှိသည့် လူဦးရေစာရင်းအား မှန်ကန်သည့်မဲစာရင်းပြုစုရန်အတွက် အထောက်အကူပြုသည့် လုပ်ငန်းဖြစ်၍ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအား အောက်တိုဘာလ ၁ ရက်နေ့ မှ ၁၅ ရက်နေ့ထိ (၁၅) ရက်ကြာ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သန်းခေါင်စာရင်းကော်မတီများမှ နိုင်ငံတော်အဆင့်စီမံချက်အား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်ခံယူ၍ အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ဆက်လက်၍ ခရိုင်သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြင့်က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေများ၊ ရွှေဘိုခရိုင်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းခဲ့သည်။
ထို့နောက် အစည်းအဝေးသို့တက် ရောက်လာသည့် ခရိုင်/မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ခရိုင်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးမှတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)