တနင်္သာရီ ဇူလိုင် ၃၁
တနင်္သာရီမြို့နယ်အတွင်း ဇူလိုင်လ ပထမအပတ်မှစတင် ရွာသွန်းခဲ့သည့်မိုးကြောင့် တနင်္သာရီမြစ်ရေ မြင့်တက်လျက်ရှိရာ ယမန်နေ့ညနေပိုင်းက မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အိမ်ထောင်စု (၄၉၇) စု ရေလွတ်ရာသို့ ပြောင်းရွှေ့လျက်ရှိကြောင်း သိရသည်။
တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် (၆) ပေ (၃) လက်မခန့် ကျော်လွန်နေပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာလမ်းများအတွင်း ရေများဝင်ရောက်လျက်ရှိရာ အချို့နေရာများတွင် မော်တော်ယာဉ်များပင် သွားလာ၍မရတော့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးထံမှသိရသည်။
ဇူလိုင်လ ၃၀ ရက်နေ့တွင် မြစ်ရေဆက်လက်တိုးမြင့်လာသည့်အတွက် ချောင်းကြီးရပ်ကွက်မှ အိမ်ထောင်စု (၁၅) စုတို့သည် ချောင်းကြီးဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ ချောင်းငယ်ရပ်ကွက်မှ အိမ်ထောင်စု (၁၈) စုသည် ချောင်းငယ်ဘုန်းကြီးကျောင်းတွင်လည်းကောင်း၊ ချောင်းလမုကျေးရွာရှိ အိမ်ထောင်စု (၁၅) စုသည် ချောင်းလမုဘုန်းကျောင်းကြီးကျောင်းတွင်လည်းကောင်း၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ပျို့အိုင် ကျေးရွာမှ အိမ်ထောင်စု (၄၃) စုသည် ပျို့အိုင်ဘုန်းကြီးကျောင်းနှင့် အ-မ-က(ပျို့အိုင်) ကျောင်းတို့တွင်လည်းကောင်း ယာယီရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)