ထားဝယ် ဇူလိုင် ၃၁
တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄)ကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများစွာရှိမှသာ ဖွံ့ဖြိုးတိုးတက်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး၏ လိုအပ်ချက်များကို ရင်းနှီးမြှုပ်နှံမှုရှိမှသာလျင် အဓိကလိုအပ်သော အလုပ်အကိုင် အခွင့်အလမ်းများ၊ ဒေသအတွက်ဆောင်ရွက်ပေးရမည့် သက်သာချောင်ချိရေးလုပ်ငန်းများ၊ မရှိမဖြစ်သည့်လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကုမ္ပဏီအနေဖြင့်လည်း တိုင်းဒေသကြီးတွင် မရှိမဖြစ်လိုအပ်သည့်လုပ်ငန်းဖြစ်ပြီး အောင်မြင်ပါက ဒေသအတွက် အကျိုးဖြစ်ထွန်းနိုင်ကြောင်း၊ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ကျန်ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များက ယုံကြည်မှုရှိလာပြီး ပိုမို၍စိတ်ဝင်စားမှုရှိလာကာ ဒေသအတွက်မရှိမဖြစ်လိုအပ်သည့် လျှပ်စစ်မီး၊ လောင်စာအတွက် အသုံးပြုမည့်ဂတ်စ်များ ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အောင်မြင်အောင် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် Green Power House Co., Ltd. က ကွင်းအမှတ် (7-OSS) ၊ဦးပိုင်အမှတ်(N၃၈)၊ အလယ်ချောင်းကြေးတိုင်ပြင်၊ အလယ်ချောင်းကျေးရွာအုပ်စု၊ မြိတ်မြို့နယ်၊ မြိတ်ခရိုင်၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြေဧက (၂) ဧကပေါ်တွင် Bio Gas ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းအားလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ ကွင်းအမှတ်-၁၈/OSS၊ ထီးခီးကျေးရွာ၊ အမြားကျေးရွာအုပ်စု၊ ထားဝယ်မြို့နယ်၊ ထားဝယ်ခရိုင်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဟိုတယ်နှင့်အပန်းဖြေစခန်း တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက် နေသော Diamond Htee Khee Co., Ltd. က တည်ဆောက်ရေးကာလ ပထမအကြိမ် တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)