ပင်းတယ ဇူလိုင် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြို့လယ်ဓမ္မာရုံ၌ ယနေ့နံနက် ၆ နာရီအချိန်က ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များနှင့် ဗုဒ္ဓဘာသာဝင်အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး တက်ရောက်လာသူများက ရတနာမြတ်သုံးပါးအား ကန်တော့၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ်တရားတော်ကို ချီးမြှင့်တော်မူကြသည်။
ထို့နောက် ဥပသာကအဖွဲ့မှ ရငွေသုံးငွေရှင်းတမ်းအား ဖတ်ကြားပေးပြီး ဂုဏ်ပြုမှတ်တမ်းလွှာအားပေးအပ်ရာ အလှူရှင်များက လက်ခံရယူခဲ့ကြပြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အလှူရှင်များက ဆရာတော်များအား လှူဖွယ်ဝတ္တုနှင့် အလှူငွေများ ပေးအပ်လှူဒါန်းပေးခဲ့ကြသည်။
ဆက်လက်၍ ဧည့်ပရိတ်သတ်များက မြို့နယ်သံဃနာယကဆရာတော်မှ ချီးမြှင့်တော်မူသည့် အနုမောဒနာတရားတော်မြတ်အား နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားသို့ တက်ရောက်လာကြသူများက "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု "သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရပြီး ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၆ ရက်နေ့မှ ယနေ့ထိ ၅ ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ ဆက်)