ဘားအံ ဇူလိုင် ၃၀
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန် တိုင်းတာချက်များအရ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၉၄၂ စင်တီမီတာတွင် ဆက်လက်တည်ရှိနေရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ရေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နှင့် ပတ်ဝန်းကျင်ဒေသရှိ ရပ်ကွက်/ ကျေးရွာများတွင် ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးပြီး မိုးစပါးစိုက်ခင်းများ၊ ပျိုးခင်းများ ရေကြီးနစ်မြုပ်မှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးလယ်မြေများအား ရေကျသည်နှင့် တောင်သူများ ပြန်လည်ထွန်ယက်စိုက်ပျိုးလုပ်ကိုင်နိုင်ရန်၊ ထိခိုက်လယ်မြေများ ပြန်လည်ကုစားနိုင်ရေးအတွက် မျိုးစပါးနှင့်သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့အဝင် ဆင်ဖြူတော်လေးစီးပါဝင်သော ဖားစည်အဝိုင်းမှတစ်ဆင့် ဘားအံ(ဖားစည်လမ်းဆုံ)-ရွှေယဉ်မျှော်-နောင်လုံလမ်း ရေကျော်နေမှု အခြေအနေ၊ သထုံ-ဘားအံ- ကော့ကရိတ်-မြဝတီလမ်း၊ ကော့ကျိုက်-ကော့ပရံ-ဇာသပြင်(အဖြောင့်)လမ်း၊ ဘားအံမြို့ရှောင်လမ်းတို့တွင် မြေနိမ့်ပိုင်းနေရာများ၌ ရေကျော်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ပြည်နယ်ကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသုဇာတအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ များနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများဆက်ကပ် လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ကမ္မဋ္ဌာန်းကျောင်းတိုက် ရေဘေးကယ်ဆယ်ရေးစခန်းတွင် ယာယီပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု ၇၀ စု၊ လူဦးရေ ၂၉၂ ဦးတို့အား သွားရောက်တွေ့ဆုံအားပေးရာ ပြည်နယ်ဝန်ကြီးချုပ်က ယာယီပြောင်းရွှေ့နေထိုင်စဉ် ကာလအတွင်း တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ကြည်စွာဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ကြစေလိုပြီး တာဝန်ရှိသူများ၏ ပြောဆိုဆုံးမမှုများကို လိုက်နာ၍ အေးချမ်းပျော်ရွှင်စွာနေထိုင်ကြစေလိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူ များ၊ စေတနာရှင်အလှူရှင်များက နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပြည့်စုံစွာ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးစကားများပြောကြားကာ ဆန်၊ ဆီ၊ ကြက်ဥ၊ ထမင်းဘူး အစရှိသော စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရေဘေးကယ်ဆယ်ရေးစခန်းတွင် ယာယီပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု ၁၃၄ စု၊ လူဦးရေ ၆၅၀ ဦးတို့အား သွားရောက် တွေ့ဆုံအားပေးစကားများ ပြောကြားပြီး ဆန်၊ ဆီ၊ ကြက်ဥ အစရှိသော စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များကလည်း သံလွင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် လူနေအိမ်များအတွင်း ရေများဝင်ရောက်ခဲ့သော်လည်း ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်ခြင်းမရှိဘဲ ၎င်းတို့၏ နေအိမ်များတွင်သာ ဆက်လက်နေထိုင်သော အိမ်ထောင်စုများအား နေ့လည်စာ ထမင်းဘူးများကို လိုက်လံဝေငှပေးရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းသူက အမှတ်(၈)ရပ်ကွက်၊ စီးပွားရေးရာဝန်ကြီးဦးစောခင် မောင်မြင့်က အမှတ်(၄)ရပ်ကွက်တွင်လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က အမှတ်(၆) ရပ်ကွက်တွင်လည်းကောင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်က အမှတ်(၇)ရပ်ကွက်တွင်လည်းကောင်း၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က အမှတ်(၃)ရပ်ကွက်တွင်လည်းကောင်း အိမ်ထောင်စုလူဦးရေအလိုက် နေ့လည်စာထမင်းဘူးနှင့်ရေသန့်ဘူးများကို လှေငယ်များဖြင့် လိုက်လံဝေငှပေးခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ဂျိုင်းမြစ်၊ လှိုင်းဘွဲချောင်းတို့သည် စိုးရမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပြီး ဘားအံ၊ လှိုင်းဘွဲ၊ ရွှေဂွန်း၊ ကမမောင်း၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့များတွင် ယာယီကယ်ဆယ်ရေးစခန်းပေါင်း ၅၇ ခုကိုဖွင့်လှစ်၍ အိမ်ထောင်စုပေါင်း ၆၃၉၉ စုကို ပြောင်းရွှေ့နေရာချထားပေးခဲ့ရကာ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များက လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ၊ ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)