အမရပူရမြို့နယ် ယဉ်တော်ကျေးရွာ၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ ဟောပြောပွဲ ကျင်းပ

အမရပူရ ဇူလိုင် ၃၀

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ယဉ်တော်ကျေးရွာ၊ ဓမ္မာသုခါယဗိမာန်တော်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ရုံးမှ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခြင်းတို့ကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ် ဦးစီးမှူးရုံး၊ ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်းက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ ကောက်ယူမည့် သန်းခေါင်စာရင်း အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်ပြီး ပရိုဂျက်တာဖြင့် ယခုလို ဟောပြောပွဲများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဟောပြောပွဲအပြီးတွင် ပြည်သူများ လေ့လာနိုင်စေရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ထုတ်ဝေသော လက်ကမ်းစာစောင်များကို အခမဲ့ ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ အသိပညာပေး ဟောပြောပွဲများကို တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ၊ ရပ်ကွက်/ ကျေးရွာများနှင့် အလုပ်ရုံများပါမကျန် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်းထံမှ သိရသည်။

စိုးသီဟ(အမရ)