ရှမ်းပြည်နယ်၊ အမျိုးသမီးကော်မတီနာယက ဝါဆိုသီလရှင်များအား သီလရှင်ဝတ်စုံနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

တောင်ကြီး ဇူလိုင် ၃၀

ရှမ်းပြည်နယ်၊ အမျိုးသမီးကော်မတီနာယက ဒေါ်ညိုမီစောသည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ဇနီး ဒေါ်သီတာ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး၏ဇနီး ဒေါ်ကြည်ပြာထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက် (၁၀) နာရီက တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ သာသနဝံသီ သီလရှင်ကျောင်းသို့သွားရောက်ပြီး ဝါဆိုသီလရှင်များအား သီလရှင်ဝတ်စုံ (၃၀) စုံနှင့် ဆွမ်းဆန် (၃၀) အိတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ် အမျိုးသမီးကော်မတီနာယကနှင့် အဖွဲ့ဝင်များသည် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ ပဒုမ္မာစာရီပအိုဝ်းသီလရှင်ကျောင်းတိုက်သို့ ရောက်ရှိပြီး ပဒုမ္မာစာရီပအိုဝ်းသီလရှင်ကျောင်းတိုက် ဆရာမကြီး ဒေါ်စိန္တာရီထံမှ ငါးပါးသီလခံယူ ဆောက်တည်၍ မေတ္တာသုတ်ပရိတ်တရားတော်များကို နာကြားကာ ဝါဆိုသီလရှင်များအား သီလရှင်ဝတ်စုံ (၇၃) စုံနှင့် ဆွမ်းဆန် (၅၀) အိတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။

ယင်းနောက် ရှမ်းပြည်နယ် အမျိုးသမီးကော်မတီနာယက ဒေါ်ညိုမီစော အမှူးပြုသော ဧည့်ပရိသတ်အ‌ပေါင်းတို့က လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)