ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက မြို့နယ်ကိုယ်စားပြု အားကစားသမား များပေါ်ထွန်းလာစေရေး အားကစားပြိုင်ပွဲများ ကျင်းပ

ဒေးဒရဲ ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများက ထူးချွန်ထူးမြက်သောအားကစားပေါ်ထွန်းလာစေရေး ရည်ရွယ်၍ မြို့နယ်အဆင့် ပြေးခုန်ပစ် လူရွေးချယ်ပွဲအား ယနေ့နံနက်ပိုင်းက စတင်၍ မြို့နယ်ဘောလုံးကွင်းသစ်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဆင်နွှဲခဲ့ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများ ဆောင်ရွက်ခြင်းကို မြို့နယ်ပညာရေးမှူး ဆရာကြီးဦးလှစိုးနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးတင်မျိုးလွင်တို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက အမျိုးသား၊ အမျိုးသမီး အပြေးပြိုင်ပွဲများ၊ သံလုံး သံပြားပစ်၊ အမြင့်ခုန်၊ အလျှားခုန်စသည့် အားကစားနည်း (၁၂)မျိုးအတွက် မြို့နယ်အဆင့် လူရွေးချယ်ပွဲအား သတ်မှတ်အရည်အချင်းများနှင့်အညီ အားကစားသမား (၆၅)ယောက်အား ရွေးချယ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရေးအတွက် သက်ဆိုင်ရာ ဌာနများပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများသို့ ကွင်းဆင်း၍ လူငယ်အားကစားအသိပညာ ဟောပြောပွဲများ၊ စာဖတ် ရှိန်မြှင့်တင်ရေး ဟောပြောပွဲများ၊ စုပေါင်းကိုယ်ကာယလေ့ကျင့်ခြင်းများ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း