စဉ့်ကိုင်မြို့နယ် " ပညာ့တံခွန် " ငွေစုငွေချေးသမဝါယမအသင်း၏ အရပ်ရပ်ဆိုင်ရာသင်းလုံးကျွတ်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

စဉ့်ကိုင် ဇူလိုင် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် " ပညာတံခွန်"(ပညာရေး) ငွေစုငွေချေးသမဝါယမအသင်းလီမီတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊အရပ်ရပ်ဆိုင်ရာသင်းလုံးကျွတ်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက အ.ထ.က(စဉ့်ကိုင်) သဇင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သဘာပတိဦးခင်မောင်သိန်းနှင့် မြို့နယ်ပညာရေးမှူးဦးကိုကိုကြီးတို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်ခင်မြတ်ကြူက သမဝါယမဦးစီးဌာနမှ ပြည်သူများအတွက် လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် အသင်း၏စည်းမျဉ်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။                                                         

ဆက်လက်၍ "ပညာ့တံခွန်"ငွေစုငွေချေးသမဝါယမအသင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရှင်းတမ်းများ၊ အစီရင်ခံစာများဖတ်ကြားရှင်းလင်းခဲ့ရာ တက်ရောက်လာသော အသင်းသား၊ အသင်းသူများက အကြံပြုဆွေးနွေးခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်၀င်စာမေးပွဲတွင် ထူးချွန်စွာအောင် မြင်ခဲ့ကြသော အသင်းသား၊အသင်းသူများ၏ သားသမီးများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ရာ လေးဘာသာဂုဏ်ထူးရှင်(၁)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၁)ဦးနှင့် ရိုးရိုးအောင်မြင်ခဲ့သူ(၄)ဦးတို့အား တာ၀န်ရှိသူအသီးသီးတို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် "ပညာ့တံခွန်(ပညာရေး) ငွေစုငွေချေးသမဝါယမအသင်းလီမီတက်မှ စုဆောင်းငွေအပေါ်မှ အတိုးရငွေ(၃၂၈.၈)သိန်းအား အသင်းသား(၇၄၇)ဦး၏ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးအတွက် ထောက်ပံ့ငွေများထုတ်ပေးနိုင်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကြူနှင့်၀န်ထမ်းများ၊ ပညာ့တံခွန်(ပညာရေး) ငွေစုငွေချေးသမဝါယမအသင်းသား၊ အသင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)