ပြင်ဦးလွင် ဇူလိုင် ၂၇
၂၀၂၄ ခုနှစ်တွင် ပြင်ဦးလွင်ခရိုင်၌ ကျင်းပပြုလုပ်မည့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ တတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်ဦး၊ ဦးစီးကော်မတီအတွင်းရေးမှူးနှင့် လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများ၊ ဘာသာရပ်ဆိုင်ရာပညာရှင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်ဦးက (၂၅) ကြိမ်မြောက် ငွေရတုဆိုသည့် ဝိသေသနှင့်အညီ ပြိုင်ပွဲကြီး၏ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများနှင့်ပတ်သက်၍ ယခင်ကျင်းပခဲ့သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ညှိနှိုင်းမှုများလည်း ပြုလုပ်ထားပြီးဖြစ်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုဆိုသည့် စကားရပ်ကိုအထူးပြုပြီး ကျင်းပပြုလုပ်သော ပြိုင်ပွဲဖြစ်ခြင်းကြောင့် စနစ်တကျအောင်အောင်မြင်မြင်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီကြရန် မေတ္တာရပ်ခံကြောင်းနှင့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ပြင်ဦးလွင်ခရိုင် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီအတွင်းရေးမှူး၊ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရေး လုပ်ငန်းဆပ်ကော်မတီ၊ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းဆပ်ကော်မတီ၊ ပြိုင်ပွဲဝင်များတည်းခိုနေထိုင်ရေး လုပ်ငန်းဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေးလုပ်ငန်းဆပ်ကော်မတီ၊ ပြိုင်ပွဲဝင်များစိစစ်ရေးလုပ်ငန်းဆပ်ကော်မတီ၊ အကဲဖြတ်ဒိုင်များ ဖွဲ့စည်းရေးလုပ်ငန်းဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့် မှတ်တမ်းထိန်းသိမ်းရေးလုပ်ငန်း ဆပ်ကော်မတီ၊ ကျန်းမာရေးလုပ်ငန်းဆပ်ကော်မတီ၊ လုံခြုံရေးလုပ်ငန်းဆပ်ကော်မတီတို့မှ ဆပ်ကော်မတီဥက္ကဋ္ဌများက လုပ်ငန်းများနှင့်စပ်လျဉ်း၍ အသီးသီးဆွေးနွေးတင်ပြသည်။ ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌက တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ညှိနှိုင်းကာ နိဂုံးချုပ်စကားပြောကြား၍ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြသည်။
နိုင်ငံတော်အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ကိုဗစ်-၁၉ ကူးစက်မှုများကြောင့် အချိန်ကာလတစ်ခုအထိ ရပ်နားခဲ့ရပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် ၂၀၂၂ ခုနှစ်ကစတင်ကာ ပြန်လည်ဖော်ထုတ်ကျင်းပခဲ့ရာ ယခုနှစ်တွင် (၂၅) ကြိမ်မြောက် ငွေရတုတိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ပြင်ဦးလွင်ခရိုင်၌ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် မဟာဂီတ၊ ခေတ်ဟောင်း၊ ကာလပေါ်အပါအဝင် အဆိုခြောက်မျိုး၊ အကတွင် ကဗျာလွတ်၊ ကျေးလက်ရိုးရာအဖွဲ့၊ တပင်တိုင်အကနှင့် အတီးကဏ္ဍတွင် စန္နရား၊ တယောစသည်ဖြင့် ဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)