တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေအမှတ် အထက် (၄ပေ) ကျော်လွန်ရောက်ရှိ

တနင်္သာရီ ဇူလိုင် ၂၆

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် ဇူလိုင်လ ပထမပတ်မှစ၍ မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းနေမှုကြောင့် ယနေ့နံနက် ၁၀ နာရီက တိုင်းထွာချက်အရ တနင်္သာရီမြစ်ရေသည် သာမန်မြစ်ရေအထက် (၂၁ ပေ) (၆၄၀.၀၈ စင်တီမီတာ) အထိ ရောက်ရှိနေရာ တနင်္သာရီမြို့နယ်၏ စိုးရိမ်ရေအမှတ် အထက် (၄ ပေ)ကျော်လွန်နေသည့်အတွက် မြို့နယ်၏ အန္တရာယ်ရေအမှတ် (၂၄ ပေ) သို့ ရောက်ရှိရန် (၃ ပေ) (၉၁.၄၄ စင်တီမီတာ)ခန့်သာလိုတော့ကြောင်း သိရသည်။

ယင်းသို့ တနင်္သာရီမြစ်ရေမြင့်တက်လာမှုကြောင့် ချောင်းငယ်ရပ်ကွက် သီတာလမ်းနှင့် ရိပ်သာကျောင်း လမ်းဆုံနေရာတွင် ၄ ပေနှင့် ၄ လက်မကျော်ခန့်၊ တပ်ဦးလမ်းတွင် ၂ ပေခန့်၊ ချောင်းကြီး ရပ်ကွက်  ဝန်ထမ်းအိမ်ရာ အဝင်လမ်းတွင် အနက် (၃ ပေ) ခန့်ရှိပြီး အလျား (၃၅၀) ပေခန့်၊ ရွှေလိပ်ပြာလမ်း၌ အနက် (၂ ပေ ၉ လက်မ) ခန့်၊ ဘောလုံးကွင်းလမ်းတွင် ၂ ပေ ၃ လက်မခန့်၊ ကျန်းမာရေးလမ်းတွင် ၆ လက်မခန့်၊ တိုးချဲ့ ၁-လမ်းတွင် ၂ ပေ ခန့်၊ တိုးချဲ့-၂ လမ်းတွင် ၃ ပေ ၃ လက်မခန့်၊ တိုးချဲ့ ၃ လမ်းတွင် ၁ ပေ ၆ လက်မခန့် မြစ်ရေကျော်လျက်ရှိပြီး ဌာနဆိုင်ရာအချို့နှင့် အိမ်ထောင်စုများသည် ရေလွတ်ရာသို့ ယာယီပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်းနှင့် လူ/တိရစ္ဆာန်များ ထိခိုက်ပျက်စီးသေဆုံးခြင်းမရှိကြောင်း သိရှိရသည်။

တနင်္သာရီမြို့၏ ပုံမှန်ရေအမှတ်သည် (၅-ပေ) (၁၅၂.၄၀ စင်တီမီတာ) အောက်၊ စိုးရိမ်ရေအမှတ်မှာ (၁၇ ပေ)(၅၁၈.၁၆ စင်တီမီတာ) ဖြစ်ပြီး အန္တရာယ်ရေအမှတ်မှာ (၂၄- ပေ) (၇၃၁.၅၂ စင်တီမီတာ) ဖြစ်ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)