ဇေယျာသီရိ ဇူလိုင် ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကျည်တောင်ကျေးရွာ အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ကျောင်းကျန်းမာရေးသီတင်းပတ်ဆောင်ရွက်ရာတွင် စည်ပင်သာယာကျေးလက်ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်စိုးစိုးမော်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး လက်ဆေးခြင်း၊ သွားနှင့် ခံတွင်းကျန်းမာရေး၊ နည်းစနစ်မှန်သွားတိုက်ခြင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလ ကလေးငယ်များတွင် ဖြစ်ပွားသည့် သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနည်းလမ်းများအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအားလုံး တစ်ဦးချင်း ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ဇေယျာသီရိမြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်း ကျန်ရှိသည့် အခြေခံပညာကျောင်းများသို့ ကျောင်းသား/ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းတို့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သူရအောင်(ယောမြေ)