နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဇေယျာသီရိမြို့နယ်၌ နေပြည်တော်ကုသရေးဦးစီးဌာနမှ ကွင်းဆင်းဆေးကုသနေမှုအား ကြည့်ရှုအားပေး

ဇေယျာသီရိ ဇူလိုင် ၂၆

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စု၊ ခေတ်အေးကျေးရွာရှိ သုဇနကာရီ နယ်စပ်ဒေသတိုင်းရင်းသားလူငယ် ဖွံ့ဖြိုးရေးပရဟိတသာသနာပြုကျောင်း၌ နေပြည်တော်ကုသရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများဖြင့် ကွင်းဆင်းဆေးကုသနေမှုအား ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ထိုသို့ကြည့်ရှုအားပေးစဉ် နေပြည်တော်တိုင်း ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာသန်းနိုင်စိုးနှင့် တာဝန်ရှိသူများက နေပြည်တော် ကုသရေးဦးစီးဌာန ခွဲစိတ်အထူးကု၊ ကလေးအထူးကု၊ မျက်စိအထူးကု၊ သားဖွားမီးယပ်အထူးကု၊ သွားအထူးကု၊  အရိုးအထူးကုဆရာဝန်ကြီးများက ဒေသခံပြည်သူများအား  အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများကို လိုက်လံရှင်းလင်းပြသရာ နေပြည်တော်ကောင်စီဝင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက လာရောက်ဆေးကုသမှုခံယူလျက်ရှိသည့် ခေတ်အေးကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ အား  ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး Multivitamin အားဆေးနှင့် ဓာတ်ဆားထုတ်များ ပေးအပ်ခဲ့သည်။

ယနေ့  ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စုအတွင်းမှ ဒေသခံပြည်သူများအား အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးရာတွင် အထူးကုဆရာဝန်များက အထွေထွေရောဂါလူနာ ၅၀ ဦး၊ မျက်စိလူနာ ၄၇ ဦး၊ ခွဲစိတ်လူနာ ၁၅ ဦး၊ အရိုးလူနာ ၄၂ ဦး၊ ကလေးလူနာ ခုနစ်ဦး၊ သားဖွားမီးယပ်လူနာ ၁၅ ဦး၊ သွားလူနာ ၁၀ ဦး စုစုပေါင်းလူနာ ၁၈၆ ဦးတို့ကို ကုသမှုပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)