ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒဂုံအရှေ့ ဇူလိုင် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။  

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်  ဒေါက်တာထွန်းမင်းက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း၊ ရောဂါကူးစက်ပုံများ၊ ရောဂါလက္ခဏာများအကြောင်းကိုလည်းကောင်း၊ အရှေ့ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သီတာဦးက ကြိုတင်ကာကွယ်နိုင်သောနည်းလမ်းများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူးဦးကျော်ကျော်စိုးက ကလိုရင်းအသုံးပြုပုံ နည်းလမ်းများအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက လတ်တလောဖြစ်ပွားလျက်ရှိသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်နှိမ်နင်းရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေသည်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလဲ့လဲ့ဝင်းက ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။ 

ထို့နောက် တက်ရောက်လာသူများက ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြောင်းသိရသည်။

အေးမဉ္ဇူ