ကျောက်ပန်းတောင်း ဇူလိုင်၂၆
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသားလူငယ်များ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် အားကစားဆိုင်ရာ အသိပညာများတိုးပွားပြီး၊ အားကစားကို ပိုမိုလိုက်စား တတ်လာစေရန်အတွက် ပညာပေးဟောပြောပွဲများကို ကျောင်းအခြေပြု ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြောက်တောကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အားကစားနှင့် ကာယပညာအကြောင်းအသိပညာပေး ဟောပြောပွဲတွင် ရှေ့ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေဝင်းက အသိပညာပေး ဟောပြောပွဲ ပြုလုပ်ပေးရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုလတ်က အားကစားနှင့် ကာယပညာအကြောင်း သိကောင်းစရာများနှင့် အားကစားကို စိတ်ပါဝင်စားသူ လူငယ်များ အနေဖြင့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းသို့ တက်ရောက်၍ မိမိတို့ ရည်မှန်းချက် အိမ်မက်များကို အကောင်အထည်ဖော်နိုင်ကြောင်း အသိပညာပေး ဟောပြောသည်။ ဆက်လက်၍ နည်းစနစ်မှူး ဒေါ်ဝင်းမင်းသန်းက Fitness Dance အားကစားနည်း ဆိုင်ရာများကို ရှင်းလင်းဟောပြောပြီး၊ မြို့နယ်ဦးစီးမှူးက အားကစားပစ္စည်းများဖြစ်သည့် ဘောလုံး၊ ပိုက်ကျော်ခြင်းလုံး၊ ပိုက်ကျော်ခြင်းပိုက်များကို ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ အတန်းခေါင်းဆောင်များက လက်ခံရယူကြသည်။ ယင်းနောက် ကျောင်းရှေ့ မြက်ခင်းပြင်တွင် နည်းစနစ်မှူး ဒေါ်ဝင်းမင်းသန်းနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင်းခန်းအတွဲ(၁)(၂)နှင့် Fitness Dance အားကစားနည်းများကို တပျော်တပါး စုပေါင်းကစားခဲ့ကြကြောင်း သိရသည်။
အဆိုပါ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုလတ်နှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား ၂၇၀ ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)