ခရမ်း ဇူလိုင် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရမ်းမြို့ အ.ထ.က (၂) မြို့မဂုဏ်ရည်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ခရမ်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒု-မီးသတ်ဦးစီးမှူး ဦးမင်းကိုအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရမ်းမြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်မေဇင်ဖြိုးက မီးသတ်ဦးစီးဌာနသည် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဆိုသည့် ရည်မှန်းချက်တာဝန်ကြီး (၄) ရပ်ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး သန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူ မြို့နယ်အရန်မီးသတ် တပ်ဖွဲ့ဝင်များလည်း အတူဆောင်ရွက်နေရကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့ ဆိုသည်မှာ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ဂရုဏာတို့သာမက အကြင်နာတရားများနှင့် ပြည်သူကို အလုပ်အကျွေးပြုပြီး မွန်မြတ်သည့်စေတနာ့ဝန်ထမ်း တပ်ဖွဲ့များဖြစ်ကြောင်းနှင့် မီးသတ်တပ်ဖွဲ့၏ အဓိကတာဝန်ကြီး (၄) ရပ် အကောင်အထည်ဖော် ဆောင်ရွက်မူများကို ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက်တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်သင့်သည်များကို ရှင်းလင်း၍၊ အရေးပေါ် အသက်ကယ်နိုင်သည့် အသက်ကယ် အင်္ကျီဝတ်ဆင်နည်း၊ အိမ်သုံးစွန့်ပြစ်ပစ္စည်းများဖြင့် အသက်ကယ်အင်္ကျီ ဆောင်ရွတ်ပုံတို့ကို လက်တွေ့သရုပ်ပြသခဲ့ကြသည်။ အခမ်းအနားသို့ အ.ထ.က (၂) ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)