ဥတ္တရသီရိ ဇူလိုင် ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်၊ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်းစွမ်းဆောင်ရည်မြင့်မားစေရန်နှင့် အရည်အသွေးမြင့်မားစေရန် ရည်ရွယ်ကာ စာကြည့်တိုက်ပညာသင်တန်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံးစာကြည့်တိုက်၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
သင်တန်းတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် သင်တန်းကို ဆက်လက်ကျင်းပရာ သင်တန်းနည်းပြများအဖြစ် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် ဦးစီးအရာရှိ ဒေါ်မြစန်းရီတို့က စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေးလက်စွဲစာစောင်ပါ စာကြည့်တိုက်ပညာ၊ စာကြည့်တိုက်အမျိုးအစားများ၊ ထူးခြားသည့်ဝိသေသများ၊ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာရေးသူအခြေခံကတ်ပြားပုံစံ (နမူနာ)၊ စာရေးသူကတ်ပြားများ၊ စာငှားစနစ်၊ စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်း၊ မျိုးတူစုပညာရပ်များနှင့် DLMS ရေးသွင်းခြင်းလုပ်ငန်းများစသည်တို့ကို သင်တန်းသူ၊ သင်တန်းသားများအား ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ နှစ်ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့သည်။
ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုသင်တန်းအပြင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားလာစေရန် အထောက်အကူဖြစ်စေမည့် အခြားသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)