တာချီလိတ် ဇူလိုင် ၂၆
ပြည်ထဲရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ ရုံးလုပ်ငန်းမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုက သင်တန်းသား၊ သင်တန်းသူများအား ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရည်မှန်းချက် လုပ်ငန်းတာဝန်များကို စွမ်းရည်ပြည့်ဝစွာဖြင့် သစ္စာရှိရှိ ဆောင်ရွက်သွားကြရန်၊ သင်တန်းမှ ပို့ချချက် များကိုလည်း စဉ်ဆက်မပြတ် ဆက်လက်လေ့လာ၍ လက်တွေ့လုပ်ငန်းခွင် နယ်ပယ်တွင် အမျှော်အမြင်ရှိစွာ စိတ်ရင်းစေတနာ ကောင်းမွန်စွာ အသုံးချနိုင်အောင် ကြိုးစားဆောင်ရွက်ရန်၊ နိုင်ငံတော်နှင့် လူမျိုး၊ မိမိဌာနနှင့် နိုင်ငံ့ဝန်ထမ်းများ၏ ဂုဏ်သိက္ခာကို မြှင့်တင်ထမ်းဆောင်သွားရန် သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သင်တန်းကာလတစ်လျှောက် ရက်ပျက်မရှိ စည်းကမ်းလိုက်နာကာ အရည်ချင်းစစ်စာမေးပွဲတွင် ထူးချွန်အောင်မြင်သည့် သင်တန်းသား ထူးချွန်ဆုရရှိသူအား ဂုဏ်ပြုဆု ချီးမြှင့်ပေးအပ်ခြင်းနှင့် သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက သင်တန်းမှ ရရှိသည့် အကျိုးကျေးဇူးများနှင့် သင်တန်းဖွင့်လှစ်ပို့ချပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ တာချီလိခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သင်တန်းသင်ကြားပို့ချပေးသည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရုံးလုပ်ငန်းမွမ်းမံသင်တန်း တက်ရောက်ခဲ့ ကြသည့် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သင်တန်းသား/ သူများ တက်ရောက်ကြပြီး သင်တန်းကို ဇူလိုင်လ ၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)