ဘားအံ ဇူလိုင် ၂၆
ကရင်ပြည်နယ်၊ ဘားအံမြို့၌ သံလွင်မြစ်ရေသည် ယနေ့နံနက်ပိုင်းတွင် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၅၃ စင်တီမီတာသို့ ရောက်ရှိနေပြီး လူနေရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လာရာ ယနေ့နံနက်ပိုင်းက ရပ်ကွက်နေပြည်သူအချို့ ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်ကြပြီး ရေလွှမ်းမိုးခံပြည်သူများအား တာဝန်ရှိသူတို့က ကူညီနေရာချထားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေလွှမ်းမိုးမှုကြောင့် ရေဘေးသင့်အိမ်ထောင်စု(၂၁၈)စု၊ ကျား(၅၁၇)ဦး၊ မ(၅၁၅)ဦး လူဦးရေစုစုပေါင်း (၁၀၃၂)ဦးတို့အား ခရိုင်၊မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်သဘာဝဘေးစီမံခန့်ခွဲရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မိုးလုံလေလုံအားကစားရုံ၊ ဆိုင်ကလုံးရှပ်တာ၊ ကြားတောရဘုန်းတော်ကြီးကျောင်း၊ ပြည်နယ်ကမ္မဌာန်းကျောင်း၊ အ.ထ.က(၃) အားကစားခန်းမ၊ အ.ထ.က(၁) မြကြေးမုံအဆောင်၊ ရွှေယာဉ်မျှော်ဘုရားများတွင် ဖွင့်လှစ်ထားရှိသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)